
ယခုနှစ် အာရှစပါး အထွက်နည်းမည်ဟုခန့်မှန်း
အိန္ဒိယ၊တရုတ်၊ဘင်္ဂလားဒေ့ရှ်၊ဗီယက်နမ်တို့တွင်ဆန်ထွက်ရှိမှုအပေါ် ထိခိုက်မှုရှိသဖြင့်အထွက်လျော့နည်းမည်ဟုခန့်မှန်းထားကြသည်။အိန္ဒိယ၊တရုတ်၊ဘင်္ဂလားဒေ့ရှ်၊ဗီယက်နမ်တို့တွင် ဆန်ထွက်ရှိမှု လျော့နည်းခြင်းနှင့်အရည်အသွေးထိခိုက်ခြင်းဖြစ်ပွားလျက်ရှိသည်။ စားနပ်ရိက္ခာကုန်ဈေးနှုန်းများစံချိန်တင်မြင့်တက်နေစဉ်ရာသီဥတုဖောက်ပြန်မှုကြောင့်စပါးသီးနှံများထိခိုက်ပျက်စီးမှုရှိနေသည်။ယခုနှစ်တွင်ဂျုံ၊ပဲပုပ်ပဲများဈေးနှုန်းအထွတ်အထိပ်ရောက်နေစဉ်ဆန်ဈေးနှုန်းအေးနေသည်။ စပါးရိတ်သိမ်းမှုရာသီပြီးဆုံးချိန်တွင်အာဖရိကနှင့်အာရှဝယ်လိုအားများမြင့်တက်လာနေသည်။အာရှမှထိပ်တန်းဆန်တင်ပို့ရောင်းချသည့်နိုင်ငံများတွင်ရာသီဥတုမျက်နှာသာမပေးသည်ကိုကြုံနေကြသည်။ ကမ္ဘာ့ဆန်အများဆုံးတင်ပို့သောနိုင်ငံဖြစ်သည့်အိန္ဒိယနိုင်ငံတွင်စပါးစိုက်ဧကလျော့ကျသဖြင့်အထွက်နည်းလိမ့်မည်ဟုခန့်မှန်းထားကြသည်။ ကမ္ဘာ့အရေးအကြီးဆုံးအဓိကအစားအစာဆန်အထွက်နည်းခဲ့လျှင်မြင့်မားနေသောစားသောက်ကုန်ဈေးနှုန်းများစံချိန်သစ်တင်အောင် ထပ်မံမြင့်တက်စေလိမ့်မည်။ ပြီးခဲ့သည့် ၂ နှစ်တာတွင်စပါးအထွက်ကောင်းနေခဲ့သည်။ဆန်ပို့ကုန်လုပ်ငန်းများထံလက်ကျန်ဆန်များလည်းများများစားစားရှိနေခဲ့သည်။ သို့ဖြစ်ရာစားသောက်ကုန်များဈေးနှုန်းမြင့်တက်လာနေသည့်စီးကြောင်းတွင်ဆန်ကလိုက်ပါလာခြင်းမရှိခဲ့ချေ။ COVID-19 ကပ်ဘေး၊ ပစ္စည်းပေးပို့သည့် ကွင်းဆက်တွင် အနှောက်အယှက်များဖြစ်ပေါ်နေခြင်း၊ ရုရှား-ယူကရိန်းပဋိပက္ခတို့ကြောင့် ဂျုံ၊ ပြောင်း အစရှိသောကောက်ပဲသီးနှံများဈေးမြင့်တက်သော်လည်းပို့ကုန်ဆန်ဈေးနှုန်းများသိသိသာသာမြင့်တက်လာခြင်းမရှိခဲ့ချေ။ ကမ္ဘာ့စပါးထုတ်လုပ်မှု၏၉၀% သည်အာရှမှာစိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ယခုအခါရာသီဉတုမျက်နှာသာမပေးသည်ကိုကြုံနေသဖြင့် စပါးအထွက်လျော့ကျဖွယ်ရှိသည်။ […]