ချင်းရိုင်းတွင် ထိုင်းဘတ် ၃၇ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင်ထဲမှာ ထိုင်းဘတ်ငွေ ၃၇ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ ချင်းရိုင်းခရိုင် မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့က အောက်တိုဘာ ၂၀ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီမတိုင်ခင် ထိုင်းအလယ်ပိုင်းမှာ ဖြန့်ဖြူးနေတဲ့ မူးယစ်ဆေးတွေဟာ ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင်ဘက်ကနေ သယ်လာတယ်လို့ သတင်းရတဲ့အတွက် ကွင်းဆက်တွေကို စုံစမ်းနေကြောင်း၊

အဲဒီနောက် သတင်းအရ ငွေရောင် Volvo အိမ်စီးကားတစ်စီးနောက်ကို နောက်ယောင်ခံခဲ့တယ်လို့ ဆိုပါတယ်။ အောက်တိုဘာ ၁၈ ရက်နေ့မှာတော့ အဲဒီကားကို ချင်းရိုင်းခရိုင် မယ်ဖာ့လုံမြို့နယ် လေယာဉ်ကွင်းအနီးမှာ တွေ့ရှိကြောင်း၊

ချင်းရိုင်းမြို့အဝင် မီးပွိုင့်တစ်ခုမှာ မီးစိမ်းကိုစောင့်ဖို့ အရှိန်လျှော့လိုက်စဉ် နောက်ကလိုက်လာတဲ့ အရပ်ဝတ်ရဲတွေက ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ တာဝန်ရှိသူက ပြောပါတယ်။

ကားပေါ်ကနေ စိတ်ကြွဆေးပြား ၃၀၀,၀၀၀၊ ခေတာမင်းမူးယစ်ဆေး ကီလို ၂၀ နဲ့ အိုက်စ်ဆေး ၁ ကီလိုတို့ကို ဖမ်းမိခဲ့ပြီး ကာလတန်ဖိုး ဘတ် ၃၇ သန်းခန့်ရှိမယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းပါတယ်။

မူးယစ်ဆေးသယ်လာသူမှာ အသက် ၅၁ နှစ်ရွယ်ရှိ နိုင်းလိုတ်ချိုင်း ဟော်ဘန်လိကစ် ဆိုသူဖြစ်ပြီး သူကတော့ အရင်က တိုက်ကြက်အရောင်းအဝယ်လုပ်ကြောင်း၊ ကိုဗစ်-၁၉ ကူးစက်မှုကြောင့် အလုပ်မဖြစ်တော့လို့

မူးယစ်ဆေးဝါး အငှားသယ်တဲ့အလုပ်ကို လာလုပ်ရတာလို့ ဝန်ခံထားပါတယ်။ တာဝန်ရှိသူတွေကတော့ သူ့ကားဟာ အရင်ကတည်းက ချင်းရိုင်းကို အခါခါလာရောက်ခဲ့ဖူးလို့ သူ ပြောတာကို မယုံကြည်သေးဘူးလို့ ဆိုပါတယ်။

လောလောဆယ် ဘတ် ၃ သန်း တန်ဖိုးရှိ သူ့ရဲ့ပိုင်ဆိုင်မှု နေအိမ်၊ မြေဂရန်၊ အိမ်တွင်းရှိ အဖိုးတန်ပစ္စည်းနဲ့ မော်တော်ကား စတာတွေလည်း သိမ်းဆည်းထားတယ်လို့ တာဝန်ရှိသူမှ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*