ဂျပန်က စီးပွားရေးကိစ္စ နှင့် ပညာသင်များ ကို ပြည်ဝင်ခွင့် ပြန်လည်ခွင့်ပြု

ဂျပန်အစိုးရက နိုဝင်ဘာလ ၈ ရက်မှ စ၍ စီးပွားရေးကိစ္စဖြင့် လာရောက်သူများကို ပြည်ဝင်ခွင့် ပြုမည်ဖြစ်သည်။ တိုင်းပြည်စီးပွားရေး ပုံမှန်ပြန်ဖြစ်လာစေရန်အတွက် ဖြစ်သည်။

ယခုနှစ် ဇန်နဝါရီလတွင် ဂျပန်နိုင်ငံသည် အထူးကိစ္စရပ်မှတစ်ပါး ပြည်ဝင်ခွင့် ပိတ်ထားခဲ့သည်။  ယခု အပြောင်းအလဲတွင် ကာလတို ဗီဇာနှင့် စီးပွားရေး ရေရှည်ဗီဇာ လျှောက်ထားနိုင်မည် ဖြစ်သည်။ ထို့ပြင် ပညာသင်နှင့် အလုပ်သင်တို့သည်လည်း ဗီဇာလျှောက်ထားခွင့် ရကြမည်။

အလည်အပတ် ခရီးသွားတို့ ဗီဇာ လျှောက်ခွင့် ဆက်လက်ပိတ်ပင်ထားဆဲ ဖြစ်သည်။ကိုဗစ်အန္တရာယ် မြင့်မားသော သုံးနိုင်ငံ ထရီနီဒက်နှင့် တိုဘာဂို၊ ပီရူးနှင့် ဗင်နီဇွဲလား တို့မှ လာရောက်လိုသူများ ဗီဇာ လျှောက်ထားခွင့် မရှိချေ။

လက်ရှိတွင် ဂျပန်သို့ ဝင်ရောက်လာသူတို့ ကွာရင်တင်း ၁၀ ရက် မဝင်မနေရ ဝင်ရသည်။ယခု မူသစ်တွင် ဆေးအပြည့်ထိုးထားသော စီးပွားရေးသမားသည် ကွာရင်တင်း ၃ ရက် ဝင်ရမည်။ ပညာသင်နှင့် အလုပ်သင်တို့သည် ၁၀ ရက် ဝင်ရမည်။

ဂျပန်နိုင်ငံသား၊ အမြဲတမ်းနေထိုင်ခွင့် ဗီဇာ ရရှိထားသော နိုင်ငံခြားသားများသည် ကွာရင်တိုင်း ၃ ရက် ဝင်ရမည်။ပညာသင်များနှင့် အလုပ်သင်များအတွက် ဗီဇာစပွန်ဆာ ပေးသည့် ကုမ္ပဏီ၊ ကျောင်း၊ အဖွဲ့အစည်းသည် စပွန်ဆာရရှိသူက ကိုဗစ်စည်းကမ်းများ လိုက်နာသည်မှာ သေချာအောင် တာဝန်ယူရမည်။

စီးပွားရေးဗီဇာဖြင့် လာရောက်သူတို့သည် ကွာရင်တင်းရက် တိုတောင်းသဖြင့် အလုပ်ကိစ္စများ ပိုမိုလုပ်ကိုင်နိုင်မည်။ စီးပွားရေး ခရီးစဉ်များ သွားလာရန် လွယ်ကူစေမည် ဖြစ်သည်။ယခုလို ဖြေလျော့လိုက်သည့်အတွက် ဂျပန်သို့ စီးပွားရေးဗီဇာဖြင့် လာရောက်နိုင်သူဦးရေ တစ်သန်းကျော် ရှိမည်ဟု ခန့်မှန်းသည်။

ဂျပန်နိုင်ငံမှာ လာရောက်လုပ်ကိုင်ရန် လိုအပ်သည့် စာရွက်စာတမ်းများ ရရှိထားပြီး ဖြစ်သော်လည်း ကိုဗစ်ကြောင့် ပြည်ဝင်ခွင့် ပိတ်ထားသဖြင့် စောင့်နေရသည့် နိုင်ငံခြားသားဦးရေသည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် ၃၇၀,၀၀၀ ဦး‌ကျော် ရှိနေပြီဟု Nikkei  သတင်းတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။

ထိုအထဲတွင် ၇၀% ခန့်သည် အလုပ်သင်နှင့် ပညာသင် များ ဖြစ်ကြသည်။  နိုင်ငံခြားသားများသည် ဂျပန်နိုင်ငံတွင် ၃ လ ထက်ကျော်လွန် နေထိုင်မည်ဆိုပါက COE -certificate of eligibility လျှောက်ထားပြီး ရယူထားရန် လိုအပ်သည်။

Immigration Service Agency က ၂၀၂၀ ဇန်နဝါရီလမှ ၂၀၂၁ အောက်တိုဘာလအထိ COE စုစုပေါင်း ၅၇၈,၀၀၀ ထုတ်ပေးထားပြီး ထိုအထဲမှ ၃၇၁,၀၀ သည် ဂျပန်နိုင်ငံသို့ ဝင်ခွင့် မရကြသေးချေ။

ကိုဗစ်ကြောင့် ပြည်ဝင်ခွင့် တားမြစ်ထားသဖြင့် ဂျပန်နိုင်ငံတွင် လုပ်သား မလုံလောက်ခြင်း နာတာရှည် ဖြစ်နေသည်။ ၂၀၂၀ နောက်ပိုင်းတွင် အလုပ်သင် ၁၉၄,၀၀၀ ဦး ဂျပန်သို့ လာရောက်ရန် ရှိရာတွင် ၁၁၁,၀၀၀ ဦးသည် ဝင်ခွင့် မရကြသေးချေ။

နှစ်စဉ် ဂျပန်သို့ ပြည်ပမှ ပညာသင် လာသူ ဦးရေ ၁၂၀,၀၀ ဝန်းကျင်ရှိခဲ့သည်။ ၂၀၂၀ မှစ၍ အတည်ပြုပေးထားသူဦးရေ ၁၉၉,၀၀၀ ရှိသည့်အနက် ၁၄၇,၀၀၀ ဦးတို့သည် ဂျပန်သို့ ဝင်ခွင့် မရကြသေးချေ။

ယခုအပြောင်းအလဲသည် ပညာသင်များနှင့် အလုပ်သင်များအတွက်လည်း ဂျပန်သို့ ဝင်ရောက်ရန် မျှော်လင့်ချက်အတွက် သိသိသာသာ အကျိုးရှိမည် ဖြစ်သည်။  ဂျပန်နိုင်ငံတွင် စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်း အပါအဝင် လုပ်ငန်းအများအပြားတို့သည် ပြည်ပလုပ်သားများ၊ အထူးသဖြင့်

အလုပ်သင်ဗီဇာဖြင့် ဂျပန်တွင် နေထိုင်သူများအပေါ် တည်မှီနေခြင်း မြင့်မားသည်။ စီးပွားရေး ပြန်လည်တက်ကြွလာစေရန်အတွက် ပြည်ပလုပ်သားများ ခေါ်သွင်းခြင်း၊ ခရီးသွားတို့ လာရောက်လည်ပတ် သုံးစွဲခြင်းများ အပါအဝင်အစိုးရသည် ပြည်ဝင်ခွင့် တားမြစ်ချက်များကို အဆင့်ဆင့် ဖြေလျော့ရန် စီစဉ်နေသည်။

တစ်ချိန်တည်းမှာပင် ကူးစက်မှုများကို အနီးကပ် စောင့်ကြည့်လျက်ရှိသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*