စစ်ကိုင်းတိုင်းအတွင်း အိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ပြည်သူ အများအပြား ဖမ်းဆီးခံရပြီး တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေသလို မြို့နယ် ၃ ခုမှာ စစ်ကောင်စီတပ်က ပြည်သူအမြောက်အမြားကို ဖမ်းဆီးတာ၊ NLD ထောက်ခံသူတွေရဲ့ နေအိမ်တွေအပါအဝင် နေအိမ်အတော်များများကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့ အရှေ့‌ဘက်ကျောက်ဖူးကုန်းအုပ်စုရှိ ကသစ်ကုန်းရွာ၊ ဘိုးမြတ်သာရွာနဲ့ ကျောက်ဖူးကုန်းကျေးရွာ ၃ ရွာလောက်က ဒေသခံတွေကို ဒီနေ့မနက် ၅ နာရီလောက်ကစပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ပိတ်ဆို့ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောက်ဖူးကုန်းဒေသခံတစ်ဦးက “မနက်ခင်း ၅ နာရီကလာပြီး ဓားပြတိုက်သလို ကျနော်တို့အုပ်စုက ကျေးရွာသုံးရွာကို အင်းအား ၃၀၀ လောက်နဲ့ ပိတ်ဆို့ဖမ်းဆီးနေပါတယ်။ ဒါသက်သက်မဲ့အနိုင်ကျင့်တာဗျ။ ကျနော်တို့ ကျောက်ဖူးကုန်းအုပ်စုက မြောင်မြို့နဲ့လည်း နီးသလို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမှမရှိဘူး။

သာမာန် မိရိုးဖလာ တောင်သူလုပ်ငန်း လုပ်ကိုင်နေတဲ့ အရပ်သားတွေဗျ။ ဒီကောင်တွေ ဘယ်လောက်အနိုင်ကျင့်ခြိမ်းခြောက်သလဲဆိုရင် အခု ရွာသားတွေ ရွာအပြင်ထွက်ရင် သေနတ်နဲ့ ပစ်သတ်မယ်လို့ လိုက်အော်နေတယ်ဗျ။

သာမန်အရပ်သားတွေဆိုတော့ လက်နက်မြင်ရင် ကြောက်ကြတာဆိုတော့ ပြေးတဲ့သူလည်း ပြေးကြမယ်။ ပိုဆီုးတာက ဒီကောင်တွေကို ပြည်သူတွေအားလုံး အယုံအကြည်ကိုမရှိတာ။ ထင်ရာလုပ်တဲ့ ကောင်တွေဆိုတော့ အားလုံးက ကြောက်ကြတာ” လို့ ပြောပါတယ်။

စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ ကျေးရွာတွေဟာ ဒေသခံလက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွှယ်မှုမရှိဘဲ သာမန်အရပ်သားတွေဖြစ်ကြောင်း၊ တော်လှန်ရေးအဖွဲ့အစည်းအားလုံး အဲဒီကျေးရွာတွေမှာ လှုပ်ရှားတာမရှိသလို ဆက်နွှယ်မှုလည်း မရှိဘူးလို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေး
ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်သမန်းကျားက ပြောပါတယ်။ စစ်တပ်က ပိတ်ဆို့ဖမ်းဆီးနေတာကြောင့် ကျောက်ဖူးကုန်းအုပ်စုနဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေက ပြည်သူတွေ နေအိမ်တွေစွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြပြီး
ဒေသခံ ဘယ်လောက်ဖမ်းဆီးခံရလဲဆိုတာတော့ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။ ဒီပဲယင်းမြို့နယ်၊ ဝန်းရံရွာနဲ့ ကုန်းရိုးရွာတို့ကိုလည်း နိုဝင်ဘာ ၉ ရက် မနက် ၈ နာရီလောက်မှာ အကြမ်းဖက်စစ်တပ်က မီးရှို့တာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတစ်ဦးက “စစ်ခွေးတွေ ယုတ်မာနေကြပါပြီ။ ဝန်းရံရွာနဲ့ ကုန်းရိုးရွာကို မီးတင်ရှို့နေကြပါတယ်။ ဘယ်အိမ်ဘယ်လို ရှို့တယ်ဆိုတာတော့ မသိရသေးပါဘူး၊‌ ဒေသခံအားလုံးလည်း မနေ့ကတည်းက တိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်းကို နိုဝင်ဘာလ ၈ ရက်နေ့ကစတင်ပြီး  စစ်အင်အား ၁၀၀ ကျော်လောက်‌ ရဟတ်ယာဥ်နဲ့ ၆ ခေါက် လာချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနီမြို့နယ် ရေလည်ကျွန်းကျေးရွာအနီး NLD ထောက်ခံတဲ့ နေအိမ်တွေကိုလည်း နိုဝင်ဘာ ၈ ရက်နေ့ မနက် ၇ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်တွေက လာရောက်ဖျက်ဆီးသွားတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

နေအိမ်ဖျက်ဆီးခံရတဲ့ မိသားစုဝင်တစ်ဦးက “ကျမတို့ အနိုင်အကျင့်ခံနေရတာ တစ်ခါလည်း မကတော့ဘူး။ အမျိုးမျိုး အနိုင်ကျင့်ခံနေရတယ်။ ဘာကြောင့် အခုလို အနိုင်ခံရတာလဲဆိုတော့ NLD ပါတီထောက်ခံလို့ပဲ ပြောရမယ်။ ကျန်တာကတော့ ဘာအပြစ်မှမရှိပါဘူး။

အရင်ကဆိုရင် ကျမတို့ နေအိမ်တွေက ဆန်တွေ၊ ဆီတွေ၊ အိမ်မှာမွေးထားတဲ့ ကြက်တွေ၊ ဝက်တွေ၊ နွားတွေ အနိုင်ကျင့်အယူခံခဲ့ရတယ်။ ဒီတစ်ကြိမ်ကတော့ အတော်ဆိုးဆိုးဝါးဝါးပါပဲရှင်။ အိမ်တံခါးပေါက်တွေ၊ အိမ်ထောင်ပရိဘောဂတွေ၊ ထမင်းအိုး၊ ဟင်းအိုးတွေ အကုန်ရိုက်ဖျက်ဆီးသွားကြတယ်။

နောက်ပြီးတော့ အိမ်မှာရှိတဲ့ ဆန်အိတ်ကိုတောင် ကျမတို့ ရေလည်ကျွန်းရွာအဝင်အထိ နောက်ကနေ သေနတ်နဲ့ထောက်ပြီး လိုက်ပို့ခိုင်းလို့ ရွာအဝင်အထိ လိုက်ပို့လိုက်ရတယ်” လို့ ပြောပါတယ်။

နေအိမ် ၁၀ ကျော် ဖျက်ဆီးခံခဲ့ရပြီး အခုလို ဖျက်ဆီးအနိုင်ကျင့်သွားတာကို ဘယ်မီဒီယာမှ မပြောဖို့၊ ပြောရင် နေအိမ်တွေပါ မီးလာရှို့မယ်ဆိုပြီး ခြိမ်းခြောက်သွားတယ်လို့ ဆိုပါတယ်။

ကနီမြို့နယ်အတွင်း ရေလည်ကျွန်းကျေးရွာဟာ စစ်တပ်ထောက်ခံတဲ့ ပျူစောထီးအဖွဲ့ဝင်တွေ အများစုနေတဲ့ ရွာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*