ဆီးချိုသမား တွေ ကိုဗစ်မဖြစ်အောင် ဘယ်လို ဂရုစိုက်သင့် သလဲ

ကိုဗစ် – ၁၉ဟာ ကပ်ဘေးတစ်ခုဖြစ်တာကြောင့် လူတိုင်းမလွဲမသွေ ကြုံတွေ့နေကြရမှာပါပဲ။ ဘယ်နေ့ ကိုယ့်ဆီရောက်လာမလဲဆိုတဲ့ စိုးရိမ်စိတ်က ရှိကြပါတယ်။ ကိုယ်ချစ်တဲ့သူတွေထဲမှာ ရောဂါအခံရှိလို့ ဆုံးရှုံးရတာထက် ကိုဗစ်ကြောင့် ဆုံးရှုံးရတာ ပိုများနေပါတယ်။

ဒီလို ပြင်းထန်တဲ့ ရောဂါအခြေအနေ ခံစားနေရသူတွေဟာ နာတာရှည်ဝေဒနာရှိသူတွေ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေတွေမှာမှ အသက်ဆုံးရှုံးခဲ့ရတဲ့သူတွေကို ကြည့်လိုက်မယ်ဆိုရင် ဆီးချိဝေဒနာရှင်တွေ အများကြီးပါ နေတာကို တွေ့ရမှာပါ။

ဒါကြောင့် ဆီးချိုရောဂါရှိနေသူတွေအနေနဲ့ ကိုဗစ်မဖြစ်အောင် ဘယ်လိုဂရုစိုက်ပြီးနေထိုင်သင့်လဲဆိုတာကို ပြောပြပေးလိုက်ပါတယ်နော်။ ဆီးချိုရောဂါအခံရှိသူတွေဟာ သာမာန်လူတွေလိုပဲ ကူးစက်နိုင်ခြေကတော့ အတူတူပါပဲ။ ဒါပေမဲ့ ကူးစက်ပြီးသွားရင် အခြားသူတွေလို ခံစားရတာကတော့ မတူတော့ပါဘူး။

ဘာကြောင့်လဲဆိုတော့ သွေးတွင်းအချိုဓာတ်များခြင်းက ခုခံအားကို ကျစေပြီး ဝင်လာတဲ့ရောဂါပိုးကို ပြန်လည်တိုက်ခိုက်နိုင်စွမ်း လျော့နည်းစေတာကြောင့် ဆီးချိုရဲ့ နောက်ဆက်တွဲဆိုးကျိးတွေဖြစ်လာစေတာ ဖြစ်ပါတယ်။ သာမာန်သူတွေထက် ခုခံအားကျနေတာကြောင့် ပိုပြင်းထန်ပြီး အသက်ဆုံးရှုံးရနိုင်ခြေလည်း ပိုများပါတယ်။

ဆီးချိုရောဂါဆိုတာက နာတာရှည်ရောဂါတစ်မျိးပါ။ သွေးတွင်းမှာ ဂလူးကိုစ်ပမာဏတွေ (သွေးတွင်းသကြားဓာတ်) အလွန်အကျွံ များနေတာကို ဆိုလိုတာပါ။ သွေးချိုဆီးချိုမှာ အမျိးအစားတွေက ၅ မျိးအထိ ရှိပါတယ်။ အမျိးအစား(၁) ဆီးခိုနဲ့ အင်ဆူလင် ထုတ်တာ နည်းတာကြောင့်ဖြစ်တဲ့

ဆီးချို(LADA) တို့မှာ အင်ဆူလင် ပမာဏ လုံလောက် အောင် မထုတ်နိုင်တာပါ။ အမျိုးအစား (၂) ဆီးချိုနဲ့ ကိုယ်ဝန်ဆောင်ဆီးချိုမှာတော့ အင်ဆူလင်ကို ခန္ဓာကိုယ်က ကောင်းကောင်း မတုံပြန် နိုင်တာပါ။ သကြားဓာတ် ပမာဏက ဦးနှောက်ကျန်းမာရေးနဲ့ အတော်လေး ဆက်စပ်နေတာကြောင့်

အယ်လ်ဇိုင်းမားကို တစ်ခါတလေမှာ အမုျိးအစား (၃) ဆီးချိုရောဂါလို့ သတ်မှတ်တာမျိုး ရှိကြပါတယ်။ ဒီရောဂါက နေထိုင်မှုပုံစံ၊ မျိုးဗီဇအကြောင်းရာတွေ၊ အသက်အရွယ်တွေနဲ့ သက်ဆိုင်နေတဲ့ ရောဂါ တစ်မျိုးပါ။

ဆီးချိုရောဂါရဲ့ သဘောသဘာဝကိုယ်တိုင်ကလည်း အဝလွန်၊ သွေးတိုး၊ နှလုံးစတဲ့ ရောဂါတွေနဲ့ တွဲဖြစ်နိုင်ခြေ များတာကြောင့် ဆီးချိုရောဂါရှိတဲ့သူတွေ ကိုဗစ် ၁၉ ဖြစ်လာတဲ့အခါမှာ ဆရာဝန်တွေအနေနဲ့ ထိန်းချုပ် ကုသရခက်တဲ့ အနေအထားဖြစ်ပါတယ်။ ဒါကြောင့် အသက်ဆုံးရှုံးနိုင်ခြေပိုများတာဖြစ်ပါတယ်။

ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကိုဗစ်မဖြစ်အောင် အိမ်ထဲမှာပဲ နေတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ကိုယ်က ရောဂါအခံရှိလို့ အိမ်မှာနေပေမယ့် ကိုယ်အိမ်သားတွေကြောင့်လည်း ကူးစက်နိုင်ပါတယ်။ ဒါကြောင့် မိသားစုဝင်တွေအနေနဲ့ အပြင်ထွက်တဲ့အချိန်မှာ Mask တပ်ပါ။ လက်ကို မကြာခဏဆေးပါ၊

လူစုလူဝေးကို တတ်နိုင်သလောက် ရှောင်တာမျိုးကို ပိုပြီး ဂရုစိုက်ပေးသင့်ပါတယ်နော်။ ကျန်းမာရေးဌာနက ညွှန်ကြားချက်အတိုင်းလိုက်နာဖို လိုအပ်ပါတယ်နော်။ အိမ်ထဲမှာနေရုံ၊ မိသားစုဝင်တွေ ဂရုစိုက်တိုင်းလည်း မဖြစ်နိုင်တာမဟုတ်ပါဘူး။ ကိုယ်တိုင်ကလည်း ဆီးချိုရောဂါနဲ့ ပတ်သက်တဲ့ ကျန်းမာရေးအသိရှိပြီး ဂရုစိုက်ဖို့ လိုအပ်ပါတယ်နော်။

ပုံမှန်လုပ်သင့်တာလေးတွေကတော့ . . .

(၁)သွေးတွင်းအချိုဓာတ်ကို မကြာခဏတိုင်းပါ

ဆီးချိုဖြစ်တဲ့သူတွေအနေနဲ့ သွေးတွင်းအချိုဓာတ်ကို မကြာခဏတိုင်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဆီးချို စစ်ဆေးတဲ့ စက်ကိုအိမ်မှာ ဝယ်ထားပြီး မကြာခဏ စစ်ဆေးကြည့်သင့်ပါတယ်။ ဆီးချိုရောဂါကို ထိန်းချုပ်ဖ့ို အတွက် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးကို ပုံမှန်သောက်ပါ။ (သ့ို) ဆေးထိုးရတဲ့ (insulin) သူတွေအနေနဲ့ မမေ့မလျော့ထိုးသင့်ပါတယ်နော်။

(၂) အစားအသောက်ကို ဂရုစိုက်ပါ

နေ့စဉ် အစာအာဟာရစုံလင်စွာ စားသောက်ခြင်းနဲ့ သွေးတွင်းသကြားဓာတ် မြင့်တက်စေမယ့် အစားအစာ တွေကို ရှောင်ခြင်းက ကိုယ့်ကို ကျန်းမာအသက်ရှည်စေနိုင်တဲ့ အဓိက သော့ချက်တွေထဲက တစ်ခုပါ။ ဒီအတွက် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ဘာတွေစားသောက်သင့်လဲ၊ ရှောင်ရမလဲဆိုတာကို သေချာမေးမြန်းပြီး

ဒီပုံစံအတိုင်း နေ့စဉ် မဖြစ်မနေ စားသောက်ပါ။ အဆီ၊ အချို၊ အငန် စတဲ့ သွေးတွင်းသကြားဓာတ်၊ ကိုလက်စထရော တက်စေနိုင်တဲ့ အစားအစာတွေကို ရှောင်ပေးပါ။ ဂျုံကြမ်းနဲ့ လုပ်ထားတဲ့၊ အဆီနည်းတဲ့ အစားအစာတွေကို ပိုစားပေးပါ။ ငါး၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်တွေကို များများ စားပေးပါ။

(၃) လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးတဲ့အခါ သွေးလည်ပတ်စီးဆင်းနှုန်း ကောင်းစေသလို နှလုံးကိုလည်း ကျန်းမာစေတယ်။ သွေးတွင်းသကြားဓာတ်နဲ့ မလိုအပ်တဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တယ်။ အဝလွန်ခြင်းကိုလည်း ကာကွယ်ပေးတဲ့အတွက် ဆီးချိုကို ထိန်းညှိပေးနိုင်သလို

နောက်ဆက်တွဲ သွေးတိုး၊ နှလုံးရောဂါတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဆီးချိုသမား တွေအတွက် နေ့စဉ် အနည်းဆုံး နာရီဝက်ခန့် လေ့ကျင့်ခန်းလုပ်ပေးပါ။ အမြဲတမ်း တစ်နေရာတည်းမှာ ငြိမ်ငြိမ်လေး ထိုင်နေတာထက် လမ်းထလျှောက်တာ၊ တစ်ခုခုထလုပ်တာမျိး လုပ်ပေးခြင်းဖြင့် ကိုယ့်ရဲ့ သွေးတွင်းသကြားဓာတ်ကို နည်းနည်းချင်းစီ လျှော့ချပေးနိုင်မယ်ဆိုရင် အကောင်းဆုံးပဲဖြစ်ပါတယ်။

(၄) စိတ်ဖိစီးမှုတွေကို လျှော့ချထားပါ

ဆီးချိုရောဂါရှိသူတွေအနေနဲ့ သာမာန်လူတွေထက် ပိုပြီး စိတ်ဓာတ်ကျလွယ်၊ စိတ်ဖိစီးမှုများနိုင်တဲ့ အတွက် တတ်နိုင်သလောက် စိတ်ဖိစီးမှုကို လျော့နည်းအောင် နေသင့်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို လျှော့ချခြင်းဟာ ဆီးချိုရောဂါအတွက်သာမက စိတ်နဲ့ ခန္ဓာ၊ နှလုံးကျန်းမာရေးအတွက်ပါ အကျိုးထူးရရှိစေနိုင်မှာပါ။

စိတ်ဖိစီးမှုကို လျှော့ချဖို့ တရားထိုင်တာ၊ ယောဂကျင့်တာ၊ အားကစား၊ လေ့ကျင့်ခန်း လုပ်တာ၊ အစာအာဟာရကို ဂရုစိုက်တာ၊ ညဘက်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူတာမျိုး လုပ်ပေးလို့ ရပါတယ်။

(၅) ဆရာဝန်နဲ့ အဆက်အသွယ်မပြတ်ပါစေနဲ့

ဆီးချိုရောဂါဖြစ်တဲ့သူတွေက သာမာန်သူတွေထက်ပိုပြီးဂရုစိုက်ရတာကြောင့် တစ်ခုခုဖြစ်ပြီဆိုရင် ဆရာဝန်နဲ့ သေချာကုသဖ့ို လိုအပ်ပါတယ်။ ကိုယ်တိုင် သွားဖို့ အဆင်မပြေရင်တောင် ဖုန်း၊ မက်ဆေ့စ်၊ Social Media တွေကနေ ဆက်သွယ်ပြီး သေချာတိုင်ပင်ဆွေးနွေးသင့်ပါတယ်နော်။

လိုအပ်မှသာ ဆေးခန်းကိုသွားပါ။ ဆေးရုံဆေးခန်းသွားတဲ့အချိန်မှာလည်း mask တပ်၊ လက်ဆေးတာ၊ တစ်ယောက်နဲ့ တစ်ယောက် ခြောက်ပေခွာတာမျိုးတွေကိုလည်း ဂရုစိုက်ဖို လိုအပ်ပါတယ်နော်။

ပြောရမယ်ဆိုရင် အခြေခံအချက်တွေအနေနဲ့ လူတိုင်းသိရှိပြီးသားဖြစ်ပေမယ့်လည်း ဆီးချိုသမားတွေ အတွက်ကတော့ မလွှဲမသွေကို လိုက်နာရမှာပဲဖြစ်ပါတယ်။ အထူးသဖြင့် ကိုဗစ်ကို ခုခံနိုင်အောင် အာဟာရပြည့်အောင်စားရမှာမို့ ကိုယ်က စားလိုက်ပြန်ရင်လည်း တစ်ဖက်မှာ ဆီးချိုက တက်လာနိုင်ပြန်ပါတယ်။

အဲဒီလို အခြေအနေတွေကြောင့်ပဲ မိမိကိုယ်တိုင်ရော၊ မိမိမိသားစုဝင်တွေကပါ ဆီးချိုဝေဒနာသည်တွေအတွက် ကိုဗစ်မဝင်ရောက်နိုင်အောင် ဂရုစိုက် ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်ဆိုတာ အကြံပြုလိုက်ပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*