ကုမ္ပဏီ (၆၀၀)ကျော် ၏ ပို့ကုန်ရငွေ ဒေါ်လာသန်း (၅၀၀)ကျော် ကို တစ်လအတွင်း ပြည်တွင်း သို့ သယ်ယူလာရန်

ပို့ကုန် ကုမ္ပဏီ (၆၀၀)ကျော်၏ ပို့ကုန်ရငွေ ဒေါ်လာသန်း(၅၀၀)ကျော်ကို တစ်လအတွင်း ပြည်တွင်းသို့ သယ်ယူလာရန် စကစ အမိန့်ထုတ်။စကစ ဗဟိုဘဏ် ကြေညာသည့် ကုမ္ပဏီများတွင် တရုတ်ဝမ်ဘောင်ကုမ္မဏီလည်း ပါဝင်နေ၊

နိုင်ငံတကာသို့ ကုန်ပစ္စည်းများ တင်ပို့ရောင်းချသည့် ပို့ကုန်ကုမ္ပဏီ (၆၆၃)ခုကို ၄င်းတို့၏ ပို့ကုန်ရငွေများ တစ်လအတွင်း ပြည်တွင်းသို့ ပြန်ယူသယ်ယူလာရန် စစ်ကောင်စီ၏ ဗဟိုဘဏ်က ယနေ့ နိုဝင်ဘာ (၂)ရက်တွင် ထုတ်ပြန်သည်။

၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီများ အနေဖြင့် ပို့ကုန်ရငွေ ဝင်ရောက်ခဲ့သည့် ဘဏ်များနှင့် ဆက်သွယ်စာရင်းရှင်းလင်းရန်၊ ယနေ့မှ စ၍ ရက်(၃၀)အတွင်း စာရင်းမရှင်းပါက ပို့ကုန်/သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပြင်

နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမူဥပဒေပါ ပြဌာန်းချက်များအတိုင်း ဆက်လက်ဆောင်ရွက်မည်ဟု စစ်ကောင်စီ ဗဟိုဘဏ်က ယနေ့ ထုတ်ပြန်သည်။ စစ်ကောင်စီ ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ ၂၀၁၉ တွင် ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ဝင်ရောက်မှုနှင့် ပတ်သက်၍

စာရင်းရှင်းရန် ကျန်နေသေးသည့် ကုမ္ပဏီ (၆၆၃)ခု ရှိကာ ပို့ကုန်ရငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ(၅၇၆)သန်း ဖြစ်သည်။ ထိုသို့ ပို့ကုန်ရငွေများကို ပြည်တွင်းသို့ ပြန်လည်ယူဆောင်လာရန် ကျန်ရှိသည့် ကုမ္ပဏီများအနက် စစ်တပ်နှင့် ပူးပေါင်းကာ လက်ပံတောင်းတောင်

ကြေးနီစီမံကိန်း လုပ်ကိုင်နေသည့် တရုတ်ဝမ်ဘောင်ကုမ္ပဏီ Wanbao Mining Copper လည်း ပါဝင်သည်။ တရုတ် Wanbao Mining Copper ကုမ္ပဏီသည် ပို့ကုန်ရငွေ ဒေါ်လာ သန်း(၁၀၀)ကို ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်မှုနှင့် ပတ်သက်၍ စာရင်းရှင်းလင်းရန် လိုအပ်နေသည်ဟု

စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်ထားပြီး ယင်းသည် ပို့ကုန်ရငွေ စာရင်းရှင်းရန် ကျန်သည့် ကုမ္ပဏီ (၆၀၀)ကျော်အနက် ပမာဏအများဆုံးလည်း ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း အာဏာသိမ်း စစ်ကောင်စီက ပြင်ဆင်ခဲ့သည့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေတွင်

နိုင်ငံခြား ပို့ကုန်ရငွေများကို ပြည်တွင်းသို့ မဖြစ်မနေ ပြန်လည်ယူဆောင်လာရမည် ဖြစ်ပြီး ဖောက်ဖျက်ကျူးလွန်ပါ ထောင်ဒဏ် တစ်နှစ် ( သို့မဟုတ်) ငွေဒဏ် ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။

“သူတို့(စစ်ကောင်စီ)က ဒေါ်လာလိုအပ်ချက် ကြီးနေတော့ ပို့ကုန်ကုမ္ပဏီတွေကို အတင်းဖိနေတာ။ ပို့ကုန်လုပ်ငန်းတွေကို နောက်မပို့တော့အောင် လုပ်နေသလိုပဲ”ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက MFP သို့ ပြောသည်။

ပြည်တွင်း ကုန်သည်များ နိုင်ငံခြားသို့ ကုန်ပစ္စည်းတင်ပို့ ရောင်းချရာမှ ရရှိသည့် ပို့ကုန်ရငွေများကို ရက်ပေါင်း(၃၀)အတွင်း ပြည်တွင်းဘဏ်များသို့ ရောင်းချရန်လည်း စစ်ကောင်စီ ထိန်းချုပ်ထားသော ဗဟိုဘဏ်က ပြီးခဲ့သည့် ရက်ပိုင်းက အမိန့်ထုတ်ထားသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*