“အနုပညာနဲ့ပဲ ဖြစ်ဖြစ် ဘယ်နည်းလမ်းနဲ့ မဆို အာဏာရှင်ဆန့်ကျင်ရေးကိုပဲ လုပ်မယ်ဆိုတာကတော့ သေချာ တယ်”

“အနုပညာနဲ့ပဲဖြစ်ဖြစ် ဘယ်နည်းလမ်းနဲ့မဆို အာဏာရှင်ဆန့်ကျင်ရေးကိုပဲလုပ်မယ်ဆိုတာကတော့ သေချာ တယ်။ ကိုယ်ကအရင်တည်းကလည်းလုပ်ခဲ့တာဆိုတော့ ဆက်ပြီးတော့လည်း အနုပညာကို လက်နက်တစ်ခုလို ကိုင်စွဲပြီးတော့ လုပ်သွားမှာပါ ”

တံတားအောက်မှာ ငြိမ်သက်စွာထိုင်ရင်း အမြစ်ဖြုတ်ရေး တိုက်ပွဲဝင်နေကြသူတွေ ရှိပါတယ်။ ပဲပင်ပေါက်အစုအပုံရဲ့ဘေးမှာ အမျိုးသမီး အမျိုးသား လူကြီး လူငယ်မရွေး ပါဝင်လုပ်ဆောင်ခဲ့ကြတဲ့ အမြစ်ဖြုတ် ပါဖောမန့်ပဲဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုလေးကို စတင်အသက်သွင်းခဲ့တာကတော့ ပါဖောမန့် အနုပညာရှင် မအိပဲ ဖြစ်ပါတယ်။

“ပဲပင်ပေါက် အမြစ်ဖြုတ်တာကလည်း အရင်တည်းကလုပ်ခဲ့တဲ့ ပါဖောမန့်လေးလည်း ဖြစ်တယ်။ လူတွေက လည်း ကြွေးကြော်သံတွေ အော်ကြတယ်။ နေပူကြီးထဲမှာ အကြာကြီး လမ်းတွေ လျှောက်ကြတယ်။ အဲ့ဒီလို အခြေအနေမျိုးမှာ ကိုယ့်ပါဖောမန့်လေးမှာ ပါဝင်ပြီးတော့ ခဏ သူတို့ အနားရတယ်။

အမြစ်ဖြုတ် အနုပညာလှုပ်ရှားမှုဟာ မြေနီကုန်းတံတားအောက်မှာမှမဟုတ်ဘဲ တခြားမြို့နယ်တွေ မြို့တွေအထိ ပါ ကူးစက်သွားပြီး လူထုအသုံးတည့်တဲ့ ပါဖောမန့်အနုပညာတစ်ခုဖြစ်လာခဲ့ပါတယ်။

တချိန်တည်းမှာပဲ ကြွေမွသွားခဲ့ရတဲ့ဘဝတွေအတွက် ပြုပြင်ပေးနိုင်တဲ့ သင်္ကေတ သဘောတရား ပါဝင်တဲ့ အနုပညာပါဖောမန့်တစ်ခုကိုလည်း မအိက လုပ်ဆောင်ခဲ့ပါသေးတယ်။

ဝမ်းနည်းတဲ့အထိမ်းအမှတ်နဲ့ ပါဖောမန့်လုပ်ဖို့အတွက် မအိဟာ အိမ်မှာ သံပုံးတီးထားတဲ့ ဒန်အိုးဒန်ခွက်တွေကို ယူဆောင်လာပြီး ပိန်လိန်နေတဲ့အိုးတွေကို ပြန်ကောင်းအောင် ပြုပြင်ဖို့လုပ်ဆောင်ခဲ့ပါတယ်။

“ဘဝတွေက ကြေမွသွားခဲ့ပြီ။ ပြန်မရတော့ဘူးကွာ။ ဆုံးပါးသွားတဲ့သူတွေလည်း ပြန်မရတော့ဘူး။ တော်လှန် ရေးလုပ်နေတဲ့သူတွေလည်း ဘာပဲဖြစ်ဖြစ် ဘဝတွေကတော့ ကြေမွသွားခဲ့ပြီ။ ဆုံးရှုံးခဲ့ပြီ။ ဒါလေးတွေကို ပြန်ပြီးတော့ ငါပြုပြင်ပေးလို့ရနိင်မလားဆိုပြီးတော့ အဲ့ဒီသင်္ကေတလေးပေါ့။

အဲဒီအိုးလေးတွေကို ပြန်ပြီးတော့ ကောင်းလာအောင်ပြုပြင်တဲ့ပုံစံမျိုးလေးနဲ့ ပါဖောမန့်လုပ်ခဲ့တာ တစ်ကြိမ်ရှိတယ်” နောက်ထပ် အနုပညာလှုပ်ရှားမှုတစ်ခုကတော့ မအိ အပါအဝင် အနုပညာရှင် ခြောက်ယောက်နဲ့ စုပေါင်းလုပ်ဆောင်ခဲ့တဲ့ Installation Art ပုံစံမျိုးဖြစ်တဲ့

ပစ္စည်းကိရိယာတွေကို အသုံးပြုပြီး ပုံဖော်ပြသတဲ့ အနုပညာ တစ်ခုပဲဖြစ်ပါတယ်။ “အဲဒီတုန်းက ကျမက သေနတ်လေးတွေမှာ ကိုယ်တွေရဲ့ နေ့စဉ်ဘဝမှာ စားနေတဲ့အစားအစာဖြစ်တဲ့ ဆန်စေ့ လေးတွေကပ်ပြီးတော့ လက်နက်တို့ တင့်ကားတို့နဲ့ပုံဖော်ပြီး ပြသခဲ့တယ်။

ဘာလို့လဲဆိုတော့ ဒို့တွေကို သတ် နေတဲ့သူတို့ရဲ့လက်နက်တွေက ဒို့တွေ စားသောက်ရမယ့် ပြည်သူပိုင်တဲ့ဘဏ္ဍာပဲကွာ။ အဲဒါနဲ့ ပြန်ဝယ်ပြီး ပြည်သူတွေကိုသတ်နေတယ်လို့ ဒါလေးတွေကိုမြင်အောင်လို့ပြခဲ့တာ ရှိတယ်”လို့ သူက ဆိုပါတယ်။

မအိရဲ့ နောက်ထပ် ပါဖောမန့်တစ်ခုကတော့ ထီးအနီရောင်လေးတွေအပေါ်မှာ CDM တွေအတွက် အထောက် အပံ့ဖြစ်စေတဲ့စသားသားတွေ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့စာသားတွေကိုရေးသားဖော်ပြပြီး တံတားအောက် တလျောက်မှာထိုင်ပြီး ပြသခဲ့တဲ့လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။

ဒါ့အပြင် မင်္ဂလာဆောင် သတို့သမီးသားဝတ်စုံတွေနဲ့ လမ်းလျှောက်ချီတတ်ခဲ့တာတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ “အဲဒီတုန်းက ပြည်သူတွေက သိပ်သနားဖို့ကောင်းတယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာကအသိမှတ်ပြုမိအောင် သတိထားမိအောင် Trending ဖြစ်အောင်လုပ်ကြမယ်ဆိုပြီး

အကုန်လုံးက မရှက်မကြောက် အားလုံး လုပ်ကြ တယ်။ နည်းမျိုးစုံနဲ့လုပ်ကြတယ်။ ပုံမှန်ဆို မလုပ်ရဲတာမျိုးတွေကို သတ္တိရှိရှိဝိုင်းလုပ်ကြတယ်။ နောက်ပြီးတော့ ညနေဘက်တွေမှာ ထွက်ပြီးတော့ စာတွေရေးကြတယ်။ ကင်းအဖွဲ့က တစ်ဖွဲ့ရှိတယ်။

ကင်းစောင့်တဲ့သူကစောင့်။ စာရေးတဲ့သူကရေး။ ရေးပြီးရင် ပြေးပေါ့။ ဒါမျိုးလုပ်ခဲ့တာတွေလည်း ရှိတယ်”

မြေနီကုန်းတံတားအောက်မှာ နေ့စဉ်နဲ့အမျှ လာရောက်ကြသူတွေ များပြားလာတာကြောင့် တံတားအောက်ကို သန့်ရှင်းနေစေဖို့အတွက် မအိနဲ့ သူငယ်ချင်းတွေစုပေါင်းပြီး သန့်ရှင်းရေးတွေကိုလည်းလုပ်ဆောင်ခဲ့ပါတယ်။

ဒါကတော့ ပါဖော့မန့်အနုပညာတစ်ခုမဟုတ်ပေမယ့်လို့ လူထုက အားတက်သရော ပါဝင်လုပ်ဆောင်ခဲ့တဲ့ မှတ် တမ်းတစ်ခုဖြစ်သလို မီဒီယာတွေကပါ အာရုံစိုက်ပြီး ဖော်ပြခံရတဲ့ လှုပ်ရှားမှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

မအိကတော့ ၂၀၀၈ ခုနစ်ကတည်းက ပါဖောမန့်အနုပညာရှင်တစ်ယောက်အနေနဲ့ ရပ်တည်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ နိုင်ငံတကာ ပါဖောမန့်အနုပညာပွဲအများစုမှာ တင်ဆက်ပြသခဲ့သလို ၂၀၁၅ ခုနစ်မှာတော့ အမျိုးသမီးတွေရဲ့ ရာသီသွေးနဲ့ ပတ်သက်တဲ့ Period အမည်ရှိ သရုပ်ဖော်ပြသပွဲကို လုပ်ဆောင်ခဲ့ပါတယ်။

ထဘီအလံထူတဲ့ လှုပ်ရှားမှုကို သူမက ၂၀၁၁ ခုနှစ်ကတည်းက မန္တလေးမြို့မှာ ဆိုက်ကားတစ်စီးပတ်ပြီး တစ်ကိုယ်တော် တင်ဆက်ပြသမှုကို လုပ်ဆောင်ခဲ့ပါတယ်။ စစ်ဖိနပ်အောက်ရောက်နေတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အကြောင်းအရာပါဝင်တဲ့ ပါဖောမန့်ကိုလည်း ၂၀၁၉ ခုနှစ်မှာ လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။

သူခံယူထားတဲ့ အနုပညာကတော့ နိုင်ငံရေးလုပ်တာ၊ အမျိုးသမီးအရေးလုပ်တာ ဆိုတာထက် သူရဲ့ ကိုယ်ပိုင် ခံစားချက်တွေကို တုံ့ပြန်ရင်း ထွက်ပေါ်လာတာတွေကို သရုပ်ဖော်တင်ဆက်ပြမှုတစ်ခု သက်သက်သာ ရည်ရွယ်တာလို့ဆိုပါတယ်။

“ဘာလို့လုပ်လဲဆိုတော့ မုန်းတာလေ။ အခုမှမဟုတ်ဘူး ငယ်ငယ်တည်းက မုန်းတာ။ ကိုယ့်ငယ်ဘဝတစ်လျှောက်လုံးက ဒါတွေနဲ့ပဲ အာရုံထဲမှာ ပြည့်ခဲ့တာဆိုတော့ အဲ့ဒီခံစားချက်တွေကြောင့်ပါပဲ။

နိုင်ငံရေးတွေ ဘာတွေ သဘောတရားတွေ အဲ့ဒါမျိုး အကြီးကြီးတွေကျ အရမ်းကြီး နားမလည်ဘူး။ ဒါပေမဲ့ ကိုယ်ခံစားခဲ့ရတာတွေကို တုံ့ပြန်တဲ့ပုံစံမျိုးပါပဲ” လို့ မအိက ပြောပါတယ်။

အခုနွေဦးတော်လှန်ရေးမှာလည်း တက်တက်ကြွကြွပါဝင်ခဲ့သလို မတရားဖမ်းဆီးမှုတွေရှိလာတဲ့အချိန်မှာလည်း ထွက်ပြေးပုန်းရှောင်ရင်း တော်လှန်ရေးကိုဆက်လက်လုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။

“စိုးရိမ်စိတ်ကတော့ရှိခဲ့တယ်။ အဲ့ဒီတုန်းတည်းက ကျမ အမြဲပြောတယ်။ ငါ အဖမ်းမခံရချင်ဘူး။ ဒီလောက်နဲ့ ရပ် လိုက်ရမှာစိုးလို့လေ။ ဖမ်းခံရရင် မတန်သေးဘူး။ ငါ ဘာလုပ်နိုင်ဦးမလဲဆိုပြီး။ ကြောက်တာက အမှန်ပဲ။ သူတို့က ဖမ်းမိပြီဆိုရင် လူတစ်ယောက်ကို လူတစ်ယောက်လို ဂုဏ်သိက္ခာရှိရှိနဲ့ ရင်ဆိုင်လို့လည်း မရဘူး။

မကောင်းဆိုးဝါးတွေလိုမျိုးဖြစ်နေအခါကျတော့ ကြောက်တာလည်းအမှန်ပဲ။ မလိမ်ဘူး။ အဖမ်းမခံချင်ဘူး။ ဖမ်းခံရရင် ဆက်လုပ်လို့မရတော့ဘူး။ ဒါက ကျမရဲ့ ကိုယ်ပိုင်အတွေးပေါ့နော်”

တော်လှန်ရေးမှာ ကျဆုံးသွားသူတွေ အသက်ပေးလိုက်ရတဲ့ ရဲဘော်တွေကိုလည်း တစ်ယောက်မကျန် ပြန်ရချင်တဲ့ ခံစားချက်ကတော့ သူမရဲ့ အကြီးမားဆုံး ဆန္ဒတစ်ခုလို့ ဆိုပါတယ်။

“ အခုအခြေအနေကိုပြောရမယ်ဆိုရင် အရမ်းလေ အာသာဖြေစကားလုံးတွေ များတယ်။ အခုပဲ အောင်တော့မယ် အခုပဲ နိုင်တော့မယ် အခုပဲ ရတော့မယ်ဆိုတာမျိုးတွေကိုလည်း သိပ်မပြောကြစေချင်ဘူး။

အမှန်တရားကို လက်ခံ ပေး အရှိကိုလက်ခံပေး။ သူတို့စိတ်အားတက်အောင်ပြောရမယ်ဆိုတာကတော့ နားလည်ပါတယ်။ ဒါပေမဲ့ ဒါက အဖြေမဟုတ်ဘူး” လို့ မအိက ပြောပါတယ်။

သူကတော့ တော်လှန်ရေးကာလအစက ကြွေးကြော်ခဲ့ကြသလို လုံးဝအုပ်ချုပ်လို့မရဘူးဆိုတဲ့ ဆောင်ပုဒ်ကိုပဲ ကိုင်စွဲရင်း အင်အားရှိရှိ ဆက်လက်တော်လှန်ဖို့ ကြိုးစားရမှာဖြစ်တယ်လို့ဆိုပါတယ်။

“အစပိုင်းတုန်းကပြောခဲ့တဲ့ အုပ်ချုပ်လို့မရစေရဘူး ဆိုတာ။ အခုက အုပ်ချုပ်လို့မရဘူးပြောပေမယ့် ရတဲ့ဟာတွေရှိနေတယ်။ ဒါတွေကိုအရင်ဆုံး သူတို့ ကုပ်ထားတဲ့လက်တွေကို အရင်ဖြုတ်ထုတ်နိုင်အောင် ကြိုးစား ရမယ်။ ဥပမာ အဓိပ္ပာယ်မရှိတဲ့ စည်းကမ်းတွေ အများကြီးထုတ်နေတယ်။ ဒါတွေကို မလိုက်နာပဲနဲ့ နေရဲသလား။

မလိုက်နာနိုင်အောင် နေရဲ့သားနဲ့ မနက်ဖြန် သန်ဘက်ခါပဲ နိုင်တော့မယ်။ တော်လှန်ရေးကြီး ပြီးတော့မယ်ဆိုတာ မျိုးတွေတော့ မပြောစေချင်ဘူးပေါ့။ အမှန်တရား အရှိတရားကိုလက်ခံပြီးတော့ အားအင်ရှိရှိနဲ့ တော်လှန်သွားစေချင်တယ်”

crd; original uploder

ပြန်လည်ကောက်နှုတ်တင်ပြခြင်းဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*