သတင်း တင်ဆက်သူ ဘဝမှ.. အမှန်တရား အတွက် တော်လှန်ရေး သမား ဖြစ်လာခဲ့ တဲ့ ကိုကျော်သက်လင်း..

MRTVသတင်းတွေကို စောင့်ကြည့်မိကြစေတဲ့အထိ အသံပါဝါကောင်းကောင်း ခန့်ညားတည်ကြည်သော ရုပ်ရည်နဲ့ သတင်းကြေငြာသူ တစ်ဦး ရှိပါတယ်လို့ ဆိုလိုက်တာနဲ့

သတင်းကြေငြာသူ တစ်ယောက်ကို ပြေးမြင်မိမှာပါနော်။ MRTV သတင်းကို မကြည့်ဖြစ်သူတွေတောင် TVရှေ့ကနေ ဖြတ်သွားစဥ် သူ သတင်းကြေငြာနေတာကို ခဏတဖြုတ်တော့ ရပ်တန့်ကြည့် ဖူးတာမျိုး ရှိမှာပါ။

ဟုတ်ပါတယ် သူ့နာမည်က ကျော်သက်လင်းပါ။ သတင်းကြေငြာတာကို စာဖတ်ပြသလို ဝတ်ကျေတန်းကျေ မဟုတ်ဘဲ ပြည်သူတွေ ပြတ်သားစွာ နားလည်သိရှိအောင် ဂရုတစိုက်နဲ့ ပီပီပြင်ပြင် တင်ဆက်ပေးလေ့ရှိသူ ကိုကျော်သက်လင်းပါ။

ဒါ့အပြင် ၂၀၀၈ဖွဲ့စည်းပုံ ဥပဒေအရ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုဟ်နဲ့ သမ္မတကြီးကို တရားစွဲဆို ဖမ်းဆီးခွင့် မရှိကြောင်း သတင်းကြေငြာ ဖူးခဲ့တာလည်း သူပေါ့ ။

MRTVမှာ သူကြေငြာဖူးတဲ့ သတင်းနဲ့ဆန့်ကျင်ပြီး ဥပဒေချိုးဖောက်ကာအာဏာသိမ်းလာတဲ့ အခါမှာလည်းမတရားမှုကို လက်မခံတဲ့စိတ်နဲ့ ရှေ့ဆုံးကနေ ရဲရဲရင့်ရင့် ဆန္ဒပြကာ

 

လူထုတော်လှန်ရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေမှာ ပါဝင်လာခဲ့ပြန်တဲ့အတွက် ပြည်သူတွေက ကိုကျော်သက်လင်းကို ပိုမိုလေးစား ချစ်ခင်လာ ခဲ့ကြတာကို တွေ့ရပါတယ်။

အာဏာသိမ်း အုပ်ချုပ်မှု မအောင်မြင်စေဖို့အတွက် ရုံးမတက်နဲ့ ရုန်းထွက် ဆိုပြီး ကြွေးကြော်သံတွေ ဆူညံလာချိန်မှာလည်း မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား အဖွဲ့သားများထဲမှ ထိပ်ဆုံးကနေ ပြည်သူ့ဖက်က ရပ်တည်ကာ

အမှန်တရားအတွက် ရဲရင့်ပြတ်သားစွာ CDM ဝင်လာခဲ့သူအဖြစ် မှတ်တမ်းဝင်လာခဲ့သူဟာလည်း သူ ဆိုတဲ့ အားလုံးချစ်ခင်ရတဲ့ ကိုကျော်သက်လင်း ပါပဲနော်။

ပရိသတ်ပြည်သူတွေဟာ သူတို့နှစ်သက်သဘောကျခဲ့ရတဲ့ သတင်းကြေငြာ တင်ဆက်သူတစ်ဦးက သူတို့နဲ့ထပ်တူအာဏာရှင်ကို တော်လှန် CDMတယ်လို့ သိရချိန်မှာ ပြည်သူ့အတွက် တာဝန်ကျေခဲ့သူအဖြစ် ဂုဏ်ယူဝမ်းမြောက်စွာ အသိအမှတ် ပြုခဲ့ ကြပါတယ်။

အစိုးရပိုင် ဌာနကြီးက သတင်းတင်ဆက်ကြေငြာသူ တစ်ဦးဟာ အမှန်တရားအတွက် CDMဝင်လာခဲ့ပြီး နောက်ပိုင်း လိုင်းပေါ်နဲ့ လူမြင်ကွင်းရှေ့ကနေ ပျောက်သွားတဲ့ အချိန်မှာတော့ ..

ကိုကျော်သက်လင်းတစ်ယောက် ရဲရင့်ပြတ်သားစွာ CDMလုပ်ခဲ့သူ တစ်ဦးမို့ သူ့ရဲ့ လုံခြုံရေးအတွက် ရှောင်တိမ်း ပုန်းရှောင်နေရတာ ဖြစ်မယ်လို့ ယူဆကာ ဘေးကင်း လွတ်မြောက်စွာ ရှိပါစေကြောင်း စိတ်ပူ ဆုတောင်းပေးနေခဲ့ ကြပါတယ်။

 

ဒါပေမယ့် ယခုအခါမှာတော့ ပုန်းရှောင်နေရုံ မဟုတ်ဘဲ သူက ပြည်သူများ မထင်လောက်ထားတဲ့ ပေးဆပ်မှုတွေ ပြုလုပ်နေကြောင်း ထုတ်ဖော် ပြောကြားလာချိန်မှာတော့ အားလုံးဟာ ဝမ်းသာကြည်နူး ဂုဏ်ယူမိကြသလို Surprise အကြီးကြီးရသလို ခံစားကုန်ကြရပါတယ်။

ဟုတ်ပါတယ် အစိုးရပိုင်သတင်းဌာနက သတင်းတင်ဆက် ကြေငြာသူ တစ်ဦးဟာ ပြည်သူ့အစိုးရ မတရားဖမ်းဆီးခံရချိန်မှာ အရာရာကို စွန့်လွှတ်ပြီး အမှန်တရားအတွက် အာဏာရှင်လက်အောက်မှာ အမှုမထမ်း ရုံးမတက်ရုံ သာမက

အာဏာရှင် အမြစ်ပြုတ်ရေးအတွက်၊ တိုင်းပြည်နှင့် ပြည်သူများ အနာဂတ်အတွက် အခက်အခဲများစွာ ကြားကနေ တော်လှန်ရေးသမားတစ်ဦး အဖြစ် ပါဝင်နေခဲ့တာပဲ ဖြစ်ပါတယ်။

ဒီအကြောင်းကို ကိုကျော်သက်လင်းက သူ ရင်ဆိုင်ဖြတ်ကျော်ခဲ့ရတဲ့ ကျန်းမာရေး အခက်အခဲများနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တော်လှန်ရေးသမား တစ်ဦးဘဝကို သူ့ရဲ့လူမူကွန်ယက်ဖေ့ဘွတ်စ်မှာ အခုလို ရေးသား ပြောပြလာပါတယ်။

“တောထဲဝင် ယူနီဖောင်းလေးဝတ်သေနတ်လေးကိုင်ပြီး ဓာတ်ပုံရိုက်ပြရင် အဆင်ပြေမလား….။ ကျနော်fb accလေးပြန်ရပြီး မိတ်ဆွေတွေကိုလိုက်ကြည့်မိတယ်။ အများအားဖြင့်တော့ အရင်အတိုင်းပါပဲ…

ကျနော်လား…?ကိုဗစ် ငှက်ဖျား တုတ်ကွေး အားလုံးထိပြီး လွန်မြောက် ခဲ့ပါပြီ ကိုယ်ရောစိတ်ပါ ကျန်းမာလျက်ပါ။

မီးစိမ်းလေးမလင်း ပြန်မလာ ပြန်မဆုံတော့တဲ့ မိတ်ဆွေတွေအတွက်စိတ်မကောင်းကြီးစွာ ဖြစ်မိပါတယ်။

မြို့ပြမှာ စိတ်ရောကိုယ်ပါဒုက္ခရောက်နေကြ သူတွေအတွက်လည်း စိတ်ထိခိုက်ရပါတယ်။

စိတ်ပူနေကြသူတွေ အားလုံးကိုလည်း ကျေးဇူးတင်စွာ နှုတ်ခွန်းဆက်ပါတယ်”လို့ ရေးသား ပြောကြား လာခဲ့တာပဲ ဖြစ်ပါတယ်နော်။

ပရိသတ်ကြီးရေ… ပြည်သူ့ဖက်က ရဲဝံ့ပြတ်သားစွာ ရပ်တည်ပြီး အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကိုကျော်သက်လင်းအတွက် ဂုဏ်ပြုချီးကျူး စကားများ ပြောကြား ပေးခဲ့ကြပါအုံးနော်။

Be the first to comment

Leave a Reply

Your email address will not be published.


*